Home » , » ဘဝအမောတွေ ပြေစေဖို့ (၂)

ဘဝအမောတွေ ပြေစေဖို့ (၂)

Written By Unknown on Thursday, 1 March 2012 | 18:01





အဲဒီ ကလေးမ… အတော်ပင်ပန်းရှာမှာပဲ။
                   တံလျှပ်တွေ တရှိန်ရှိန်ထနေတဲ့ နေ့လည်ခင်း နေပြင်းပူပူ ကြီးမှာ ရပ်ကွက်နှစ်ခုကို ဖြတ်သန်းပြီး ခြေကျင် လမ်းလျှောက်လာရတာ မဟုတ်လား။
ဧည့်ခန်းထောင့်ကလေးမှာ ကုတ်ကုတ်ကလေးထိုင်ပြီး မျက်နှာ၊ လည်တိုင်တွေဆီ စီးကျနေတဲ့ ချွေးတွေကို လျှာထိုးဦးထုပ် နွမ်းညစ်ညစ်ကလေးနဲ့ တို့သုတ်နေပြန်တယ်။ ပြီး လျှာကလေးတစ်လစ်ထုတ်ထားပြီး သူ့ဦးထုပ်ကလေးနဲ့ပဲ မနိုင်မနင်းယပ်ခတ်ရင်း အမောဖြေနေပြန်တာမို့ ပလပ်စတစ် ယပ်တောင်တစ်ချောင်း ယူပေးလိုက်ရတယ်။
                   ဖြစ်နိုင်ရင် အအေးတစ်ခွက်တော့ ဧည့်ခံလိုက်သင့်တယ်လို့ တွေးမိတယ်။ ဒါပေမယ့် လက်တွေ့မှာ ရေတစ်ခွက်တိုက်ဖို့တောင် တွန့်ဆုတ်နေပြန်တယ်။
“ဟို.. ရေ၊ ရေတစ်ခွက်လောက်တိုက်ပါ အန်တီ”
                   သီးမခံနိုင်တော့တဲ့ အဆုံးမို့ ထင်ပါရဲ့။ ကိုယ့်တံတွေးကိုယ် အနိုင်နိုင် မြိုချနေရင်း နှုတ်ကနေ ထုတ်ဖော် တောင်းလာတဲ့အထိ ဖြစ်လာတော့ သနားချင်သလို ဖြစ်မိသေးရဲ့။ တစ်ဖက်သားအပေါ် ရေကလေးတစ်ပေါက်တောင် ဧည့်ဝတ်မကျေတဲ့ သဒ္ဓါတရား ခေါင်းပါးလှသူလို့ တော့ အထင်လွဲ မခံနိုင်ပြန်ဘူးလေ။
                   အရေးထဲမှာ မိနီက ရေခဲသေတ္တာထဲက ရေပုလင်းနဲ့အတူ ဖန်ခွက် အသစ်ကြီးပါ ယူလာပေးတယ်။ သွားပြီ။ ဖန်ခွက်အသစ်ကြီးတော့ ပစ်ရပါပြီ။  လူ့အရိပ်အကဲ မသိတတ်တဲ့ အဲဒီ မိနီတော့လား  နေနှင့်ဦးလို့ နှမျောဒေါသနဲ့ တေးမှတ်ထားလိုက်တယ်။
                   ကလေးမကလည်း ဘယ်ဘ၀ကများ ရေဆာလာသလဲ မသိဘူး။ ကိုင်းဖန်ခွက်နဲ့ တဂွတ်ဂွတ် ဆင့်သောက်နေလိုက်တာ။ ရေတစ်ပုလင်း ကုန်လုမှ ရပ်တော့တယ်။ အဲဒီကောင်မလေး အငမ်းမရ ရေသောက်နေပုံကို ငေးရင်း သင်းကလေးရဲ့ လာရင်းကိစ္စကို ကြိုတွေးနေမိတယ်။ သူ့အမေရဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ဘာများရှိရဦးမှာလဲ။ ငွေကြေးအကူညီ တောင်းလာခဲ့ရင်လည်း သင့်သင့်တင့်တင့်တော့ ပေးလိုက်ဦးမှလို့ ဆင်ခြင်မိတယ်။
                   ကောင်မလေးရဲ့ အမေ မမြနွယ်ဟာ အိမ်က သမီးကြီး လသားအရွယ်ကတည်းက ဒီအိမ်မှာ ၀င်ထွက်ပတ်သက်နေခဲ့ဖူးတာ ပါ။ ခုဆို သမီးတောင် တက္ကသိုလ် ပထမနှစ်ရောက်နေပြီဆိုတော့ နည်းတဲ့နှစ်တွေလား။ သံယောဇဉ်လည်း ဖြစ်မိတာပဲပေါ့။ စတုတ္ထတန်းတောင် တက်နေပြီဖြစ်တဲ့ သားငယ်ကဆို မမြနွယ်မှ မမြနွယ်။ သူ့ဝေယျာဝစ္စမှန်သမျှ မမြနွယ်လုပ်ပေးမှ စိတ်တိုင်းကျတတ်တာ။ မမြနွယ်ကို ခင်လည်းခင်တယ်။ နွဲ့ဆိုးနဲ့လည်း ဗိုလ်ကျတတ်သေးတယ်။ မမြနွယ်ကလည်း အိမ်သားအားလုံးထက် သားငယ်လေးကို ပို သည်သည်းလှုပ်တတ်တယ်။ ကလေးရဲ့ ဆိုးမျိုးသည်းညည်းမှန်သမျှ မညည်းမငြူ၊ တပြုံးပြုံးနဲ့ သူမို့ စိတ်ရှည်တယ်။ ဒါကြောင့်လည်း မမြနွယ်နဲ့ လက်ပွန်းတတီး ရှိလွန်းလှတဲ့ သားငယ်လေးကို medical check up လုပ်ရတော့တာပေါ့။ တော်သေးတယ်။ ကလေးမှာ ဘာရောဂါပိုးမှ ရှာမတွေ့လို့။ ဒါပေမယ့် ဘယ်သူမှ စိတ်မအေးနိုင်ကြသေးပါဘူး။ တစ်အိမ်လုံးက မမြနွယ်ချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းကိုပဲ နေ့စဉ်ရက်ဆက် စားသောက်လာခဲ့ကြတာ မဟုတ်လား။ မိသားစုလိုက် ဆေးစစ်ခံကြဖို့ သူတို့အဖေက စီစဉ်နေလေရဲ့။
                   ဒီလိုမှန်းသာ ကြိုသိရင် မမြနွယ်ကို ခေါ်မထားခဲ့ပါဘူးလို့ နည်းနည်းတော့ နောင်တရချင်မိတယ်။ အစကတော့ မသိခဲ့တော့  အိမ်မှာ ညအိပ်မနေနိုင်ပါဘူး ဆိုတာတောင်  နံနက်သွား၊ ညပြန် ချက်ချိန်ပြုတ်ချိန်လေးပဲ လာကူပေးပါ။ အကြောင်းရှိရင်လည်း ကြိုပြောပြီး ခွင့်ယူလို့ ရပါတယ်လို့ တောင်းတောင်းပန်ပန် ပြောခဲ့၊ ခေါ်ခဲ့ရတာပါ။
                    ကြုံရာလူလည်း အိမ်ပေါ်ခေါ်မတင်ချင်ဘူး။ ခေါ်မတင်ရဲဘူးလေ။ မမြနွယ်ကတော့ ကိုယ်တွေ ငယ်ငယ်ကတည်းက အစင်းသိတွေ၊ ရင်းနှီးနေပြီးသူတွေလေ..။ မမြနွယ်တို့ အမေက ကိုယ်တွေ တစ်အိုးတစ်အိမ် မထူထောင်ဖြစ်ခင် ကတည်းက မိဘအိမ်မှာ ထမင်းချက်ရင်း အိမ်ထောင် ထိန်းလာခဲ့တာ မဟုတ်လား။ သူ့အမေနဲ့အတူ အိမ်ကို လိုက်လာရင်း၊ အမြင်မတော်တာ ၀င်ကူ၊ လုပ်ကိုင်ပေးရင်း ကိုယ်တွေရဲ့သဘောအထာကို ကျေညက်နေပြီးခဲ့ပြီ။ အိမ်ထောင်ကျပြီး နောက်ပိုင်းလည်း ယောက်ျားက အရက်ကလေးတမြမြ၊ သူက ကလေးတပြုံတမနဲ့ အဆင်မပြေဘူးကြားတော့ ငွေစကြေးစကလေးတွေ ကူညီပေးကမ်းရင်း အဆက်အသွယ် မပြတ်ခဲ့ဘူးပေါ့။ သမီးကြီးမွေးလာတော့ ကိုယ့်မှာ အိမ်မှုကိစ္စတွေ မနိုင်နင်းချင်တော့ဘူး။ မမြနွယ်က အမြင်မတော်တာလေးတွေ လာကူပေးရှာတယ်။ ဒါပေမယ့် သူတို့နေတဲ့ ရပ်ကွက်ကနေ ကိုယ့်အိမ်ရောက်ဖို့ဆိုတာ နီးတဲ့ ခြေကျင်ခရီးလား။ တစ်ခါတစ်လေ လူကြုံရှာပြီး မှာရတယ်။ တမော့တမော မျှော်ရတယ်။
                   နောက်ဆုံးတော့ မမြနွယ်ကိုပဲ ထမင်းချက်၊ အ၀တ်လျှော် အိမ်အကူဝင်ဖို့ ဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းရတော့တာပဲ။ သူ့မှာလည်း ကလေးတွေနဲ့ဆိုတော့ အလွယ်တကူ လက်ခံချင်ခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်အခက်အခဲတွေကို ညည်းငြူပြမိတယ်။ သူမကူရင်ဖြင့် ထမင်းတစ်လုပ်တောင် အချိန်မှန်စားရဖို့ မလွယ်တဲ့အထိ ပြောခဲ့ရတယ်။အဲဒီလောက်ပြောမှ နံနက်သွား၊ ညပြန် အလုပ်ကို အားနာပါးနာ လက်ခံခဲ့တာပါ။ သူ့မှာလည်း ယောက်ျားတစ်ယောက်တည်း လုပ်စာနဲ့ ၀မ်းမ၀ချင်တော့ဘူး မဟုတ်လား။
                   ခု မမြနွယ် ကျန်းမာရေးမကောင်းဘူးဆိုတော့ အားလျော့ရပြန်တယ်။ အိမ်ရှိလူကုန် ကမောက်ကမ ဖြစ်ကြရတယ်။ လခပေးငှားရင် အလုပ်သမားတော့ ရပေမယ့် မမြနွယ်လို ပြောစရာမလိုအောင် အလိုက်သိ၊ ဖြည့်ဆည်းပေးတတ်တဲ့သူက အစားထိုးလို့ မရနိုင် ဘူးလေ။ တခါတလေ … အိုးပစ်အိမ်ပစ်ထားခဲ့ပြီး တစ်မိသားစုလုံး နေကုန်၊နေခမ်း အပြင်ထွက်နေလည်း မမြနွယ်ကို အိမ်စောင့်ထားခဲ့ဖို့ စိတ်ချတယ်။ ကလေးတွေနဲ့ ထားခဲ့လည်းပဲ ကိုယ့်ထက်တောင် ဂရုစိုက်ပေးဖော်ရသေးတယ်။ ကိုယ်တွေ မအားလို့ ဘယ်သွားဦး၊ ဘယ်လာဦး ခိုင်းရင်လည်း ဖင်ပေါ့တယ်။ မှတ်မိစကနေ ခုအရွယ်အထိ သူတပါးအိမ်မှာ အလုပ်လုပ်ရင်း အရွယ်ရောက်စပြုလာတဲ့  မိနီကိုလည်း တူမသားချင်းလို စာစာနာနာ၊  သွန်သင်ဆုံးမဖော်ရနေတော့ ကိုယ်တောင် ထိန်းစရာ မလိုတော့ဘူး။
                   မမြနွယ်တစ်ယောက် ချောင်းတခွပ်ခွပ်ဆိုးတတ်လာတာ သတိထားမိစကတော့ သူ့ကို သတိပေးရသေးတယ်။ အစားမှားတာပါ။ အအေးမိလို့ပါနဲ့ ဆင်ခြေမျိုးစုံပေးပြီး လျှက်ဆားကလေး လျက်နေလိုက်။ ကွမ်းယာဆိုင်ကပေးတဲ့ဆေး သောက်လိုက် လုပ်နေတတ်ခဲ့တာ။ ချောင်းဆိုးရက်စိတ်လာ၊ အဖျားငွေ့ငွေ့ ရက်ကြောရှည်ကြာလာလေမှ အတင်းအကြပ်ပြုပြီး ဆေးခန်းပို့ရတော့တာ။ ဆရာဝန်က တွေ့တွေ့ချင်း မသင်္ကာသလို မျက်ဝန်းတွေနဲ့ သလိပ်စစ်ခိုင်းပါရော။ တွေ့တာပဲ။  တီဘီပိုး.. တဲ့။ အဲတော့မှ ပုတ်သင်ဥကပေါ်တော့တယ်။ သူ့ယောက်ျားကလည်း တီဘီဆေး သောက်ခဲ့ရဖူးတယ်ဆိုတာ အဲတော့မှ သိရတော့တယ်။ ကိုယ်တွေက မျက်စေ့ပျက်၊ မျက်နှာပျက် ဖြစ်နေကြရသလောက် မမြနွယ်ကတော့ ခပ်အေးအေး၊ ခပ်သာသာပဲ။ သူ့အတွက်  စိတ်မပူဖို့ သူကတပြန် ဖျောင်းဖျနေပြန်သေးတာပါ။
                   အလုပ် မလာနဲ့ဦး ဆိုတော့လည်း မမတို့ ချက်ပြုတ်လျှော်ဖွတ်ကိစ္စတွေနဲ့ အခက်တွေ့နေမှာ စိုးရိမ်သတဲ့။ မိနီရှိပါတယ် ဆိုတာလည်း စိတ်မချပြန်ဘူးတဲ့။ ရှင့်မှာ တီဘီဆိုတာကြီးနဲု့မို့ ရှင်ချက်တာ မစားရဲတော့ဘူးလို့ ပြောင် မပြောချရုံတမယ် ငြင်းရတော့တယ်။ ဆေးမှန်မှန်သောက်ပါ။ အနားယူပါ။ ဆရာဝန်ကလည်း မှာတယ် မဟုတ်လား။ ဆေးသောက်မယ့်ရက် မကျော်စေနဲ့။ ဆေးပတ်မလည်ခင် ဆေးသောက်ဖို့ ပျက်ကွက်ရင် နောက်တစ်ကြိမ် ပိုမို ခက်ခဲပင်ပန်းရတတ်ကြောင်းတွေ ရှင်းပြရတယ်။ ဒါတောင် မမတို့ စာတတ်တဲ့သူတွေက ပိုကြောက်တတ်ကြတယ် လို့ ထွက်ကန် ကန်ခဲ့သေးတာပါ။ ကလေးတွေကိုလည်း မကူးစက်ရအောင် ဂရုစိုက်ဖို့၊ အစားအသောက်၊ အသုံးအဆောင် ၊ အအိပ်အနေ သီးသန့်ခွဲခြားထားဖို့ စတဲ့ ဆရာဝန်ဆီက ကြားရသမျှ ပြန်ဖောက်သည်ချပြန်တော့လည်း မထုံတက်သေး လုပ်နေတတ်ပြန်တာပဲ။ တီဘီဆေးက ဒီကာလမှာမို့ အလွယ်တကူ၊ လက်လှမ်းတမီမှာ ရနေတာဖြစ်ကြောင်း၊ မဟုတ်ရင် တော်တန်ရုံလူ ၀ယ်သောက်ဖို့ တတ်နိုင်မှာ မဟုတ်တဲ့အကြောင်း၊ တန်ဘိုးကြီးလွန်းတဲ့ အကြောင်း၊ ကျေးဇူးတင်စရာကောင်းလှကြောင်းတွေ ပြောမိတော့ စကားပြန်တောင် မရတော့ဘူး။
“အရေး အကြောင်းရှိရင် ရှင့်သမီးအလတ်မလေးကို လွှတ်လိုက်”
                   ဒီစကားကိုတော့ မမေ့မလျော့ အတိအကျ လိုက်နာရှာသားလို့ ပြုံးမဲ့မဲ့ တွေးမိရတယ်။ ကြည့်လေ..။ သူ့သမီးလေးက ခုပဲကိုယ့်ရှေ့ရောက်နေပြီ မဟုတ်လား။
“ညည်းအမေ နေကောင်းလား”
                   ခေါင်းပဲ ညိတ်ပြတယ်။
“အဆင်ရော ပြေကြရဲ့လား”
                   မိနီကို ပိုက်ဆံအိတ်သွားယူခဲ့ဖို့ မျက်ရိပ်ပြလိုက်မိမလိုရှိဆဲ စာရွက်ကလေး တစ်ရွက် လက်လှမ်းပေးလာတယ်။ မမြနွယ်ရဲ့ လက်ရေး ကွေးကွေးလေးတွေ…။

မမ…
ကျွန်မ အလုပ်မလုပ်နိုင်တော့ သူတို့အဖေ တစ်ယောက်တည်း လုပ်စာနဲ့ မလွယ်ဘူး။ စားဝတ်နေရေး ခက်ခဲပါတယ်။ ရောဂါနဲ့သေချင်လည်း သေပါစေ။ အငတ်တော့ မနေနိုင်ဘူး။
အခုလာတဲ့ ကျွန်မ သမီးကို အလုပ်ပေးပြီး မမတို့ အိမ်မှာ မိနီနဲ့ အတူထားစေချင်ပါတယ်။  ခိုင်းချင်ရာခိုင်း။ အမြင်မတော်တာ တွေ့လည်း ဆုံးမပါ။
                                                                                       မြနွယ်
                  
                   စာဖတ်ပြီး မည်းခနဲပျက်ကျသွားမယ့် ကိုယ့်မျက်နှာကို ကလေးမလေးက မျှော်လင့်ချက်အပြည့်နဲ့ မျက်တောင်မခတ်၊ မော့မော့ကလေး ငေးနေရှာတယ်။ ပြီး…
“သမီး… သမီးက တီဘီ ကင်းပါတယ် အန်တီ”
                   …တဲ့။ ပြောပြီး ပုလင်းထဲက ရေလက်ကျန်ကို ဖန်ခွက်ထဲဆီ ကုန်စင်အောင်လောင်းချလိုက်တယ်။ သူ အငမ်းမရ ရေသောက်နေတာကိုကြည့်ရင်း ကိုယ်ပါ အာခေါင်တွေ ခြောက်ကပ်လာတော့တာမို့…
“ဟဲ့…မိနီ၊ ငါ့လည်း ရေလေးတစ်ခွက်လောက် တိုက်ပါဦးဟယ်”               
                                                                                  သတိုး
Share this article :

0 comments:

Post a Comment