Home » , » မြန်မာပြည်ဖွားအမေရိကန်သူရဲ့ ပထမဆုံးလုံးချင်း

မြန်မာပြည်ဖွားအမေရိကန်သူရဲ့ ပထမဆုံးလုံးချင်း

Written By Unknown on Wednesday, 4 January 2012 | 05:03



ပန်အမေရိကန်လေကြောင်းလိုင်းတွင် အလုပ်လုပ်စဉ်က မစ္စပေါလာရဲ့ဓာတ်ပုံနဲ့ "Flying" ၀တ္ထုမျက်နှာဖုံးပုံ။
မြန်မာပြည်ဖွား အမေရိကန်သူ ပေါ လာဟက်ဖရစ်ရှ်ရဲ့ ပထမဆုံး ၀တ္ထုဖြစ်ပြီး မိတ်ဆွေဖြစ်သူ ရေဗက္ကာစပရက်ချာနဲ့ တွဲဖက်ရေးသား ထားတဲ့ "Flying"ကို စာရေးသူပေါလာက 'ပန်အမေရိကန် လေကြောင်း လိုင်းရဲ့ ကြေကွဲဖွယ်ဇာတ်လမ်း'လို့ ညွှန်းဆိုထားပါတယ်။
ဒီလိုညွှန်းဆိုထားတဲ့စာအုပ်ကို မစ္စ ပေါလာက နှစ်ပေါင်းနှစ်ဆယ်ကျော်
ပန်လေကြောင်းလိုင်းမှာ၊လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က တွေ့ ကြုံခဲ့ရတာတွေကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။
ပန်လေကြောင်း လိုင်းဟာ ၁၉၂၇ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၆၀ အကြာ ၁၉၉၁ ခုနှစ်မှာ ဘဏ္ဍာရေးအခက်အခဲကြောင့် လုပ်ငန်း ရပ်ဆိုင်း ခဲ့ရပါတယ်။
Flying ၀တ္ထုကို Author House ပုံနှိပ်တိုက်က ထုတ်ဝေပြီး ဒီနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံမှာ ဖြန့်ချိခဲ့သလို ရန်ကုန်မြို့က Trish ပန်းချီပြခန်းမှာလည်း ဒီဇင်ဘာ ၁၄ ရက်နေ့က စာအုပ် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။
မော်လမြိုင်မှာ မွေးဖွားပြီး မြန်မာပြည်မှာပဲ ကြီးပြင်းခဲ့ရတဲ့ မစ္စ ပေါလာ ဟာ လက်ရှိမှာ အင်္ဂလိပ်ဘာသာပြဆရာမ အဖြစ် International Language and Business Center (ILBC) မှာ အလုပ်လုပ်ကိုင်နေပြီး စာအုပ်မိတ်ဆက် ပွဲမတိုင်ခင်မှာ မြန်မာတိုင်း(မ်)ကို ခုလို ပြောပြခဲ့ ပါတယ်။
"ကုမ္ပဏီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး မတည် ငြိမ်မှုနဲ့ အမေရိကန်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွားလာတဲ့အခါ အမေရိကန် လေကြောင်းလိုင်းဖြစ်တဲ့ ပန်အမေရိကန်ရဲ့ လုံခြုံမှုနည်း ပါးလာတဲ့ အချက်တွေကြောင့် ပန်အမေရိကန်လေကြောင်းလိုင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ရတာပါ။
"ကျွန်မနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေ တော်တော်များများ ဒီအဖြစ်အပျက်ကို ရင်ဆိုင်ရပါတယ်။ ပန်အမေရိကန်မှာ အလုပ်လုပ်နေတဲ့လူတိုင်းကို ထိခိုက်မှုတွေ ရှိခဲ့တယ်။ ကျွန်မတို့တစ်တွေလည်း ပန်အမေရိကန်ဟာ အခက်အခဲကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးဆိုတာကို သိခဲ့ပါတယ်"လို့ အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ မစ္စပေါလာက ဆိုခဲ့ပါတယ်။
ဒါပေမယ့် နှစ်ပေါင်းနှစ်ဆယ်ကျော် ပန်အမေရိကန်မှာ အလုပ်လုပ်ခဲ့တာကြောင့် အံ့ဖွယ်အတွေ့အကြုံပေါင်း များစွာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
သူ့ဝတ္ထုထဲမှာ ပေါလာဟာ အရှေ့တောင် အာရှမှာ ကြီးပြင်းလာတဲ့ ဇိုးလောင်းဖီးလ်နဲ့ တောင်အမေရိကမှ ဆယ်လီဝိုင်ဒါတို့ နှစ်ဦးရဲ့ ၁၉၇၀ ပြည့်နှစ်အစောပိုင်းမှာ လေယာဉ်ဝန်ထမ်းအဖြစ်နဲ့ ကမ္ဘာပတ်ခဲ့တုန်း ကြုံတွေ့ရတဲ့အဖြစ်တွေနဲ့ ပုံဖော်ထားပါတယ်။
ဝတ္ထုရဲ့အခန်းတစ်ခန်းမှာ တော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဗီယက်နမ်-အမေရိကန်စစ်ပွဲအဆုံး ဆိုင်ဂုံမြို့ ကျဆုံးပုံကို အသေးစိတ် သရုပ်ဖော်ထားပါတယ်။ "ဆိုင်ဂုံကျဆုံးတဲ့ နောက်ဆုံးနေ့ရက်တွေမှာ ကျွန်မဗီယက်နမ်မှာ ရှိခဲ့ပါတယ်။ ကြောက်ရွံ့ပူပန်မှုတွေ၊ ဖရိုဖရဲ အခြေအနေတွေ၊ အလစ်ဝင်ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကလေးသူငယ်တွေ၊ မွေးကင်းစလေးတွေဟာ နေရပ်ကိုစွန့်ခွာပြီး ဘေး ကင်းရာကို ပြောင်းရွှေ့ခြင်းခံရပါတယ်။ သူတို့တစ်တွေဟာ မိသားစုတွေနဲ့ တိုင်းပြည်ကိုလည်း ဆုံးရှုံးကြရပြီး တကွဲတပြားတွေ ဖြစ်ကြ ရတယ်" လို့ မစ္စပေါလာက ပြောပြပါတယ်။
တကယ့်အဖြစ်အပျက်တွေကို စိတ်ကူးစိတ်သန်းတွေနဲ့ ပေါင်းစပ်ရေးထားတာဖြစ်ပြီး ၀တ္ထုရဲ့အခန်းတစ်ခန်းမှာ ပုံဖော်ထားတဲ့ အာဖရိကမှ ဖြစ်အင်တွေကိုတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ဖန်တီးမှုတို့ ပေါင်းစပ်ထားတာလို့ဆိုပါတယ်။
ပန်အမေရိကန်လေယာဉ်ဝန်ထမ်းအဖြစ် သွားလာလည်ပတ်ပြီး ခေတ္တနေ ထိုင်ဖူးတဲ့ နိုင်ငံပေါင်း ၄၀ ခန့်က အကြောင်းတွေ ခြုံငုံ ဖော်ပြထားတာလို့လည်း ဆိုပါတယ်။
"ကျွန်မ၀တ္ထုထဲက ဇာတ်ကောင်တွေက တကယ့်အစစ်အမှန်တွေပါ။ ဒါပေမယ့် သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ကိုယ်ပိုင် လက္ခဏာ တွေကိုတော့ လျှို့ဝှက် ထားတဲ့အနေနဲ့ ဇာတ်ကောင်တွေကို ရောထားပါတယ်။ ကျွန်မရဲ့ဇာတ်ကောင် တွေကတော့ မြန်မာပြည်နဲ့ အိန္ဒိယက မိတ်ဆွေတွေ၊ နောက်ပြီး ပန်အမေရိကန်မှာ အလုပ်လုပ်စဉ်က ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေပါ။ သူတို့နဲ့ကျွန်မ အမြဲတမ်း အဆက်အသွယ်ရှိနေဆဲပါ"လို့ မစ္စ ပေါလာက ဆိုပါတယ်။
ဝတ္ထုရဲ့အပိုင်းတစ်ပိုင်းမှာတော့ စာရေးသူ ပေါလာဟက်ဖရစ်ရှ်ဟာ သူ့ရဲ့ ကလေးဘ၀ကို ပုံဖော်ရေးသားခဲ့ပါတယ်။
သူ့ရဲ့ဖခင်ဖြစ်သူဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ကျော်ငြိမ်းနဲ့ ဦးတင်လှ တို့ရဲ့ဖိတ်ကြား ချက် အရ ဒုတိယကမ္ဘာ စစ်အပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေလုပ်ဖို့ မြန်မာပြည်ကို ရောက်ရှိလာပါတယ်။
မော်လမြိုင်မြို့က ဖခင်ရဲ့ လယ်ယာလုပ်ငန်းနဲ့ သစ်စက်လုပ်ငန်းတွေမှာ ကြီးပြင်းလာပုံကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြထား ပါတယ်။
"မြန်မာ့ယဉ်ကျေးမှုတွေကြားထဲမှာ ကျွန်မ ကြီးပြင်းခဲ့ရတယ်။ မိဘတွေကလည်း တတ်နိုင်သမျှ သင်ယူလေ့လာဖို့ ကျွန်မကို တိုက်တွန်း ခဲ့ပါတယ်"လို့ မစ္စ ပေါလာက ဆိုပါတယ်။
စာအုပ်ကို ပူးတွဲရေးသားသူ ရေဗက္ကာ စပရက်ချာလည်းပဲ ပန်အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်မယ်အဖြစ် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၁၉၇၂ ခုနှစ် မှာ ဟာဝိုင်ယီမှာစတင်ဆုံမိခဲ့ကြတာပါ။
"ရေဗက္ကာက၊အလွန်တည်ငြိမ်တယ်။ သူက တည်ငြိမ်တဲ့ဝန်းကျင်မှာ ကြီးပြင်း ခဲ့ရတယ်။ ကျွန်မက မြန်မာပြည်မှာ ကြီးပြင်းတယ်။ အိန္ဒိယမှာ ကျောင်းတက်ခဲ့ရတယ်။ ပြီးတော့ အမေရိကကို ပြန်တယ်။ ဇာတ်ကောင်တစ်ယောက်ရဲ့ စရိုက်က အချုပ်အချယ်မရှိ လွတ်လပ်ပြီး နောက်ဇာတ်ကောင်တစ်ဦးကတော့ အင်မတန်ထိန်းချုပ်တဲ့ အရှေ့တိုင်းစရိုက်မျိုး။ ဒီလိုမတူညီတဲ့စရိုက်နှစ်ခုပေါင်းစပ် ထားတာကိုက ၀တ္ထုရဲ့စိတ်လှုပ်ရှားစရာ ထူးခြားကောင်းမွန်တဲ့ အပိုင်းဖြစ်လာတယ်"လို့ ဆိုပါတယ်။
သူ့စိတ်ထဲမှာ ဒီဝတ္ထုဇာတ်လမ်းရှိ နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ၀တ္ထုတိုအနေနဲ့ပဲ အပိုင်းလိုက်ရေးခဲ့ ဖူးတယ်လို့လည်း ပြောပါတယ်။
"ကျွန်မက အရှေ့တိုင်းအမြင်နဲ့ ရေးပေမယ့် ကျွန်မမှာ အမေရိကန်အမြင် ဘက်က ပုံဖော်ပေးမယ့် စာရေးသူ တစ် ယောက်လိုခဲ့တယ်။ အခုနှစ်ယောက် ပေါင်းရေးတော့ ၀တ္ထုက ကျယ်ပြန့်တဲ့ ရှု ထောင့်က ပုံဖော်နိုင်ခဲ့သလို အောင်အောင် မြင်မြင်လည်း ဖြစ်ခဲ့တယ်"လို့ သူ့စာအုပ် အပေါ် ကျေနပ်ဟန်နဲ့ ပြောပါတယ်။
နောက်ထပ်ရေးသားမယ့် စာအုပ်ကတော့ မိဘတွေ မြန်မာပြည်မှာ အလုပ်လုပ် ခဲ့စဉ်က အမှတ်တရအကြောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ Flying ၀တ္ထုကို ဗဟိုလမ်းနဲ့ အလုံလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ နန္ဒ၀န် စာအုပ်ဆိုင်မှာ ၁၅ ဒေါ်လာနဲ့ ၀ယ်ယူဖတ်ရှုနိုင်ပါပြီ။
Share this article :

0 comments:

Post a Comment