Home » , » လေယူလေသိမ်း ကို ဘာသာပြန်ခြင်း

လေယူလေသိမ်း ကို ဘာသာပြန်ခြင်း

Written By Unknown on Tuesday, 10 January 2012 | 18:44

မန္တလေးသာသနတက္ကသိုလ်တွင် ရခိုင်ဦးဇင်းလေးတစ်ပါးသည် ပညာသင်ယူနေလေသည်။ တစ်နေ့ ၀ါတွင်းဥပုသ်တွင် နန်းရှေ့ဥပုသ်ဇရပ်မှ ထိုရခိုင်ဦးဇင်းလေးကို ပင့်လေသည်။ သို့ဖြစ်၍ ထိုဇင်းလေး ကြွသွားကာ တရားဟောပါတယ်။ တရားဟောပြီးသောအခါ ဆုပေးလေသည်။

ဆုပေးဟန်ကား


“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀ နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း” ဟု ဆုပေးလိုက်လေသည်။ ဥပုသ်သည်တို့သည်လည်း သာဓုတော့ ခေါ်လိုက်ကြသည်။ သို့သော် မျက်နှာမသာမယာနှင့်ပင်။ နောက်ရက် ထိုရခိုင်ကိုယ်တော်လေးနှင့် ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးသည် နန်းရှေ့ အသိအိမ်တစ်အိမ်သို့ ရောက်သွားရာ ထိုအိမ်မှ ဒါယိကာမကြီးက

ကိုယ်တော်တို့ တက္ကသိုလ်ကလို့ ပြောတာဘဲ ကိုယ်တော်တစ်ပါး တရားဟောသွားတာ နားကိုမလည်ဘူး၊ အသံကလဲ ၀ဲတဲတဲနဲ့ မြန်မာဦးဇင်းမဟုတ်ဘူး ထင်ပါရဲ့၊ သူဆုပေးတာက “ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀ နောက်ကာလ၌ ကြွက်တွင်း ၀င်ကြ ကုန်ရာသတည်း” ဟု ဆုပေးတယ်လေ။ တပည့်တော်တို့က လှူလဲ လှူရသေးတယ်၊ လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်း ဖြစ်ပါစေ လို့ဆုတောင်းပေးသွားတယ်လေ၊ တပည့်တော်တို့ကတော့ လူစိမ်းလဲ မဖြစ်ချင်ပါဘူး၊ နတ်စိမ်းလဲ မဖြစ်ချင်ပါဘူး၊ ပြီးတော့ ဒါတင်မကသေးဘူး အဆုံးဘ၀ နောက်ကာလ၌ ကြွက်တွင်း ၀င်ကြကုန်ရာသတည်းတဲ့။ ကောင်းသေးရဲ့လား ဦးဇင်းရယ်၊ ကြွက်တွင်း ၀င်ခိုင်းပြန်ပြီ၊ အမလေးကြွက်တွင်းတော့မ၀င်ပါရစေနဲ့။ ဟု ညည်းညူကာ လျှောက်ထား လေသည်။ ဤတွင်မှ ရခိုင်ကိုယ်တော်လေးနှင့် အတူနေသော မြန်မာကိုယ်တော်လေးက ချက်ချင်းဘဲ သဘောပေါက်ကာ

“ဒကာမကြီး မနေ့က တရားဟောသွားတာ ဦးဇင်းရဲ့ သူငယ်ချင်း ရခိုင်ကိုယ်တော်လေးပါ။ သူက မြန်မာစကားကို ပီသအောင် မပြောတတ်တော့ ဒကာမကြီးတို့က တစ်မျိုး ထင်တာပေါ့။ သူဆိုလာတာက အဲဒီလိုမဟုတ်ဘူး၊ ဆိုလိုတာက

“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစည်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စည်းစိမ်းတို့နှင့် ပြည့်စုံကြကာ အဆုံးဘ၀ နောက်ကာလ၌ ကျွတ်တမ်းဝင်ကြကုန် ရာသတည်း။”ဟု ဆုပေးတာပါ ဒကာမကြီးရယ်၊ ကိုယ်တော်လေးကို တစ်မျိုးမထင်ပါနဲ့။”ဟု ဘာသာပြန် ပြရလေသည်။ ထိုအခါမှ ဒါယကာမကြီးသည်လည်း

“သြော် အဲဒီလိုလားဘုရား”ဟု နားလည်သွားကာ ကျေနပ်နှစ်သက်သွားလေသည်။

“သြော် ရခိုင်ကိုယ်တော်လေးရေ ဘာသာပြန်ပါပေလို့ပေါ့၊ ဘာသာပြန်မပါလျှင်ကား နောက်နှစ်ဥပုသ်ဇရပ်နဲ့တော့ ဝေးရမှာကို မြင်ယောင်မိပါသေးတယ်”

(မှတ်ချက်- အထက်ပါ အကြောင်းအရာများသည် ကျွန်တော့် အွန်လိုင်းမိတ်ဆွေလေး (မင်းမင်း) မေးပေးပို့မှုမှ ဖတ်ခွင့်ရပြီ. ဟာသရသမြောက်နေခြင်းကြောင့် အများသူငှါ သိရအောင်လို့ ကျွန်တော့်ဘလော့တွင်ထပ်ဆင့် ဖော်ပြခြင်းဖြစ်ပါတယ်. လေယူလေသိမ်းသည်တစ်ခါတစ်ရံ အဓိပါယ် တလွဲ ထွက်တက်ပါတယ်. အထက်ပါအကြောင်းအရာတွင် ဇာတ်လိုက် ဦးဇင်းလေး သည် ရခိုင်အမျိုးသားဖြစ်နေသကဲ့သို့ ကျွန်တော်မျိုးသည်လည်း ရခိုင်အမျိုးသားဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ထပ်ဆင့် တင်ပြချင်စိတ်များဖြစ်ပေါ်လာ၍ တင်ပြလိုက်ခြင်းဖြစ်ပါကြောင်း ပြုံမိနိုင်ကြပါစေ)
Share this article :

0 comments:

Post a Comment