မိအေးက (၂)ခါထဲနာတာ..နမ်းမဝက (၃)ခါနာ
ကျမရဲ့ DELL အမျိုးအစား ကွန်ပျူတာလေး လွန်ခဲ့တဲ့ တစ်ပတ်လောက်က စက်သံတွေကျယ်လောင်စွာမြည်ပါတယ်၊ အလုပ်ပိတ်ရက်တွေခံနေတာမို့ ဆိုင်မပို့ဖြစ်ပဲ အဲဒီအတိုင်းပဲ ၂ရက်လောက် ဆက်သုံးဖြစ်လိုက်ပါတယ်။ ၃ရက်မြောက်တဲ့နေ့မှာတော့ စက်သံဟာလုံးဝပျောက်သွားတာကြောင့် ကျမလည်း ဝမ်းသာနေတာပေါ့။
မကြာပါဘူး (၁၀)မိနစ်၊ (၁၅)မိနစ်လောက်နေတော့ ကွန်ပျူတာရဲ့အောက်ဖက် ပန်ကာရှိတဲ့နေရာက အရမ်းပူလာပါတယ်၊ ပူတာမှ မီးပူ ပူသလိုမျိုးကို ပူလာတာပါ။ အဲဒါနဲ့ စက်ကို ဆိုင်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကွန်ပျူတာ အကြောင်းနားလည်တဲ့သူငယ်ချင်းများကလည်း ပြောပါတယ်၊ ပန်ကာက ဖြစ်တာ၊ ပန်ကာလဲလိုက်ရင် ကောင်းသွားမှာပါတဲ့။
အဲဒါနဲ့ပဲ ကျမစဉ်းစားမိလိုက်တာက ပို့ရမယ့်ဆိုင်ပါ။
ဒီ DELL ကွန်ပျူတာကို ကျမနေတဲ့“ပါ့ပို့စ်”မြို့မှာရှိတဲ့ ကွန်ပျူတာအရောင်းဌါနကနေ လွန်ခဲ့တဲ့(၁)နှစ်ကျော်ကျော်က ဝယ်ခဲ့ပါတယ်။ ဆိုင်က ထုတ်ပေးလိုက်တဲ့ ဘောက်ခြာမှာ (၂)နှစ်အတွင်း စက်ပျက်ခဲ့လျှင် အခကျေးငွေ မယူပဲ အလကားပြင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုပါပါတယ်။
ဒါပေမယ့် အဲဒီဆိုင်က ပြင်ပေးမှာမဟုတ်ဘူးနော်၊ ဘာလို့လဲဆိုတော့ အဲဒီဆိုင်က ကွန်ပျူတာပေါင်းစုံကိုရောင်းတဲ့ဆိုင်။ သူတို့ရဲ့ဆိုင်က ဝယ်တဲ့ စက်မှန်သမျှ (၂)နှစ်အတွင်းမှာ ပျက်ခဲ့လျှင် သူတို့ဆိုင်ကို ပို့ရပါတယ်။ သူတို့ကနေတဆင့် ပတ်သက်ရာ DELL, TOSHIBA, ACER,APPLE,...အစရှိတဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့က ပင်မကုမ္ပဏီတွေဆီကို ပြန်ပို့ပြီး ပြင်စေပါတယ်။ အဲဒီလိုပြင်တဲ့အခါ ၂ပတ် ကျော်လောက်အချိန်ပေးရပါတယ်။
ငွေမကုန်ပေမယ့် (၂)ပတ်ကျော် (၃)ပတ်ဆိုတဲ့အချိန်ဟာ ကျမအတွက် သိပ်ကိုကြာလွန်းတာကြောင့် ကျမတို့မြို့မှာရှိတဲ့ ကျမတို့ကုမ္ပဏီက ကွန်ပျူတာတွေပျက်ရင် ပြင်တဲ့ ဆိုင်ကို ပို့လိုက်ပါတယ်။
ပန်ကာ လဲယုံပဲဆိုတော့ အလွန်ဆုံးကြာရင် ၃/၄ ရက်ပေါ့။
အဲဒီလို ပို့ရာမှာလည်း ကျမကိုယ်တိုင်သွားပို့စရာမလိုပဲ ဆိုင်ကို ဖုန်းဆက်လိုက်ပြီး ဆိုင်ကဝန်ထမ်းက ကျမဆီကနေလာယူသွားတာပါ။
နောက်တစ်ရက်မှာတော့ ကျမရဲ့ကွန်ပျူတာက ပန်ကာပျက်သွားတဲ့အကြောင်း၊ လဲရမယ်ဆိုတဲ့အကြောင်းနဲ့ ၄၈ယူရိုကျတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားပါတယ်။
စက်ပျက်ပြီဆိုမှတော့ ပြင်ရတော့မှာပေါ့။ ၄၈ယူရိုဆိုလည်း ပေးရတော့မှာပေါ့။ ကျမရဲ့ကွန်ပျူတာလေး အချိန်တိုတိုအတွင်းမှာ ကျမဆီ ပြန်ရောက်လာဖို့က အဓိကပဲလေ။ ပိုက်ဆံမကုန်တဲ့ DELL ကုမ္ပဏီကို တိုက်ရိုက်ပို့ခဲ့မယ်ဆိုရင် (၂ )ပတ်ကျော် (၃)ပတ်စောင့်ရမှာမို့ အချိန်တိုတိုအတွင်းမှာ ပြန်ရနိုင်မယ့် ဒီဆိုင်ကို ပိုက်ဆံအကုန်ခံပြီး အားကိုးခဲ့တာပါ။
ဒီကွန်ပျူတာလေးဟာ ကျမရဲ့အဖော်လေးပါ။
သူက ကျမရဲ့အထီးကျန်တဲ့အချိန်တွေကို ဖျောက်ဖျက်ပေးခဲ့တယ်။ ကျမအတွက် FACEBOOK ရှိတယ်၊ BLOGSPOTရှိတယ်၊ G TALK ရှိတယ်၊ INTERNET MOVIESရှိတယ်..။ သူမရှိရင် မနေတတ်တော့တဲ့ကျမ ငွေကုန်တာထက် စက်ကလေး ကျမရဲ့လက်ထဲအမြန်ပြန်ရောက်ဖို့ကိုသာ ဆန္ဒရှိနေခဲ့တာ။
ဒီနေ့ဆိုရင် ကျမနဲ့ ကျမရဲ့စက်လေး ခွဲနေရတာ (၃)ရက်ရှိနေပြီ။ ကျမရဲ့စက်ကလေး ကျမဆီကို ပြန်လာဖို့ အချိန်တန်ပြီ။ ဒါနဲ့ပဲ စက်ဆိုင်ကိုဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ စက်ဆိုင်က ပြန်ပြောလိုက်တာကတော့....
“ကျမရဲ့ကွန်ပျူတာဟာ DELLအမျိုးအစားဖြစ်တဲ့အတွက် နီကိုဆီးယားမြို့မှာရှိတဲ့ DELL ကုမ္ပဏီကိုပို့ပြီး ပန်ကာလဲခိုင်းထားပါတယ်”တဲ့...
သူတို့လဲပေးတာထက် သက်ဆိုင်ရာ ကုမ္ပဏီက လဲပေးတာ ပိုကောင်းအောင်လို့ပါတဲ့...
ပြီးတော့ ကျမက ကုမ္ပဏီနဲ့ပတ်သက်နေတဲ့လူဖြစ်တဲ့အတွက် ကျမရဲ့စက်ကို သေခြာအောင် ပြန်စစ်ဆေးချင်လို့ပါတဲ့...
ပြီးတော့...... ကျမကို ကြေကွဲစေတဲ့ စကားတစ်ခွန်းကတော့..
(၃)ပတ်ကြာပါမယ်...တဲ့လေ..
အောင်မလေး...လုပ်ရက်လိုက်ကြတာ...
အဲဒီလိုကြာမှာဆိုးလို့ အလကားပြင်ပေးတဲ့DELL ကုမ္ပဏီကိုတောင်မပို့ပဲ ပိုက်ဆံအကုန်ခံပြီး ဒီစက်ဆိုင်ကို ပို့တာပေါ့လို့...........
ခုတော့...ခုတော့... မိအေး.. မိကလိုရီ... မိနမ်းမဝ...နာနေတာ..နာနေတာ...
၂ခါတောင်မကဘူး.. ဗိုက်ပါ နာနေရပြီ...
မိအေးက (၂)ခါပဲ နာခဲ့ရတာ၊ အင်္ဂါနေ့ညက အဆာအိမ်အောင့်လို့ အရေးပေါ်ဌါနကိုရောက်သွားခဲ့ရတာနဲ့ဆိုရင် ကျမက(၃)ခါနာခဲ့ရတာ..။
တုန်းလိုက်တဲ့ ကျမ..
အ လိုက်တဲ့ ကျမ...
နုံလိုက်တဲ့ ကျမ...
တိုင်နဲ့ခေါင်းနဲ့သာပြေးဆောင့်လိုက်ချင်တယ်..၊ ဒါပေမယ့်လည်း မဆောင့်ဖြစ်ပါဘူး၊ နာမှာကြောက်လို့...။
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment