Home » , » ရင်လှိုင်းခတ်သံ

ရင်လှိုင်းခတ်သံ

Written By Unknown on Thursday, 12 January 2012 | 07:44

ရင်လှိုင်းခတ်သံ

ဘာတွေနောက်ဆံ တင်းနေတာလဲအချစ်ရယ်
အဲဒီလူတွေက မေတ္တာမဝလို့၊ လိပ်ပြာမလှတာပါ
သူတို့အတွက်နဲ့တော့ ကမ္ဘာကြီးရဲ့သိက္ခာ
ထပ်မကျတော့ပါဘူး...လာပါကွယ်
အချိန်ရဲ့ ငါတို့အပေါ်လွှမ်းမိုးခြင်းကို လျော့ချကြစို့။။

မပြီးဆုံးသေးတဲ့ ငါတို့ရဲ့ဇာတ်ဝင်ခန်းတွေကို
ဟိုးနေပူပူထဲ ဖြန့်လှမ်းထားလိုက်စမ်းပါ
သူတို့ကိုကြည့်ရတာ ညောင်နာနာနဲ့
အလင်းရောင်ရဖို့ လိုနေတယ်
ဒီနေ့ကစပြီး လောကထဲကို ရင်ကော့ဝင်ကြမယ်။။

ဝေးခြင်း၊နီးခြင်းနဲ့ လွတ်ကင်းတဲ့နေရာကို
ရှာဖွေကြစို့ အချစ်ရေ...
လောကရဲ့သံစဉ်တော်တော်များများကို
သိသိသာသာရော မသိမသာပါ
ငါတို့ယဉ်ပါးခဲ့ပြီးပြီပဲလေ။။

တကယ်ဆိုဘာမှ မလိုအပ်တော့ပါဘူး
နင့်မျက်ဝန်းထဲမှာ ငါ့နှလုံးသားကိုမြင်ရုံနဲ့တင်
ငါတို့ရဲ့နေ့စွဲတွေ ခမ်းနားခဲ့ပြီပဲ
အထူးအထွေပြင်မနေနဲ့တော့ နင်ပင်ပန်းလိမ့်မယ်။။

ကျောတစ်ခင်းစာ နေရာကနေလဲ
ကြယ်စုံတဲ့ညကို ခံစားခွင့်ရှိသေးတာပဲလေ
ဒီလောက်ကြီးလဲ မမျှော်စမ်းပါနဲ့တော့
တစ်ခါတလေကျ ရောင့်ရဲခြင်းက ပိုပိုပြီးလှတယ်။။

ခဏလေးဖြစ်ဖြစ် ဆုံနိုင်ခွင့်အတွက်
ရေခဲရိုက်ပြက္ခဒိန်တချို့ကို မီးမြှိုက်အရည်ကျိုပစ်ချင်တယ်
တကယ်ဆို...ငါတို့အတွက်
အညာကတမာတွေ မချိုသေးပါဘူး။။

ဟိုးမှာတွေ့လား ခရောင်းလမ်း
တို့နှစ်ယောက် စိတ်တူ၊ကိုယ်တူ ဖြတ်သန်းကြမယ်
လာစမ်းပါကွယ်...
ငါ့လက်ဖျံကအားပေးစကား၊ နင့်နှလုံးသားထိနွေးစေရမယ်
ဘာမှမပြောပဲ ငါတို့တွေနားလည်လိုက်ကြရအောင်။။

ပြန်ဆုံကြစို့ အချစ်ရယ်
ငါတို့နှစ်ယောက်ရဲ့ ကံတွေမကုန်ချင်သေးဘူး
သုံးစားမရတဲ့ မာနတွေ၊ ဟိုးဝေးဝေးမှာ ပစ်ထားခဲ့စမ်းပါ
တို့ထက်မိုက်တဲ့သူတွေ ကောက်ယူသွားကြလိမ့်မယ်
တစ်နေ့မှာတော့ သူတို့လည်း စာတတ်လာမှာပေါ့။။

အခုထိတော့..ငါလည်း
အစရှာမရတာနဲ့ပဲ ဟောဒီညကိုဆွဲခွာပစ်လိုက်ချင်တယ်
နေ့ကြောင့် ညဖြစ်တာလား၊ ညကြောင့် နေ့ဖြစ်တာလား
နင့်အတွက်နဲ့ အိပ်ပျက်တဲ့ညတွေမှာ
ရင်ထဲ အလွမ်းတွေ လူးလွန့်နေလိုက်တာများ
လေဟုန်စီးတဲ့ ကြိုးမဲ့စွန်လို
အိုးးးထိန်းချုပ်ရ ခက်လိုက်တာကွယ်။။
Share this article :

0 comments:

Post a Comment